Friday, January 14, 2022

ချစ်ရသူသို့…

သူ့ကျွန်ဘဝရဲ့ချုပ်ချယ်မူမျိုး

ကိုယ့်ချစ်သူရင်မှာ မရှိစေရဘူး။


နေခြည်ငတ်တဲ့ကောင်းကင်ကို

အာရုဏ်ဦးနဲ့ ဖူးပွင့်စေမယ်။


ခြောက်သွေ့နေတဲ့အပြုံးတွေပေါ်

ဂရုဏာမိုးရေ ဖြိုင်ဖြိုင်သွင်းမယ်။


ငါပိုင်ဆိုင်တဲ့အကြင်နာမြေကြီးနဲ့

သောကပင်လယ်အစင်းစင်းကို

မြေမြုပ်သဂြိုလ်ပစ်ပါ့မယ်။     ။

Thursday, January 13, 2022

တော်လှန်ခြင်း

ရန်ကုန်လမ်းမတွေဟာ

သူရဲကောင်းတွေ သွေးရနံ့နဲ့

သင်းပျံ့နေဆဲ...


မတရားမူကို တော်လှန်ရင်း

ဖိနှိပ်မူကို ဆန့်ကျင်ရင်း

အားလုံးကို ချစ်တယ်

အားလုံးကို ခင်တယ်

မှားတာရှိလဲ Sorryပါလို့

ဝိညာဥ်တွေဟာ ကြွေးကြော်နေတုန်း...


ဟော...   

                           ( 14.3.2021)

လေလွင့်ခြင်း

တစ်ခါတစ်လေတော့လည်း

ကိုယ့်နှလုံးသားကို ကိုယ်ကြည်ညိုရင်း...


ကဗျာတွေကို ထွေးပိုက်ရင်း...


အိပ်မက်တွေကို အရောင်ခြယ်သရင်း...


ဒီလိုပါပဲ...

အရာရာဟာ 

ခနတာဆိုတာ လက်ခံရင်းပေါ့ ။ ။

ဆန္ဒ

တစ်ခါတစ်လေတော့လည်း

နာကျည်းစရာ စာမျက်နှာတစ်ရွက်ကို 

ကျော်ပြီး ဖတ်လိုက်ချင်တယ်။


ရံဖန်ရံခါ အတိတ်ရဲ့ပုံရိပ်တွေက

အိပ်မက်ဆိုးသဖွယ် ခြောက်လန့်လို့

ဒီအိပ်မက်ဆိုးကလည်း နိူးထချင်ပြီ။


အာရုံဦးရဲ့နေ့သစ်တိုင်းကို

ဇောချွေးတွေနဲ့လည်း

မကြိုဆိုချင်တော့ဘူး။


ရေပြင်လို လေတိုက်တိုင်း မငြိမ်တဲ့ဘဝမှာ

ဗေဒါလို ပျော်ပျော်လေးပဲ မျောနေတော့မယ်။


အခွင့်ရှိလို့ ပြန်ဆုံတဲ့အခါ

တည်ငြိမ်တဲ့ကျောက်ဆောင်အဖြစ်နဲ့သာ

မြင်တွေ့လိုပါတယ်။      ။

                                         တေလေ(8.5.2018)

ပြန်လာပေးပါ

" အမေ သားတို့ လိမ်မာပါတော့မယ် "ဆိုပြီး

စိတ်ဆိုးလို့ အိမ်ပြန်မလာတဲ့ အမေကိုတွေ့တဲ့အခါ

သားတစ်ယောက်က ပြန်လာဖို့တောင်းပန်တဲ့လေသံမျိုးနဲ့

ပြောချင်တယ်။

" အမေ သားတို့အိမ်ကို ပြန်လာပါ။ "

မွေးမြေ

ဒီ...ရာသီမှာ

အလွမ်းတွေ ပင်လယ်ဝေပြီး

နာကျင်မူတွေ သောင်ပြင်လွင့်နေရ...


(ဘယ်သူဟာ ကွယ်လွန်..

ဘယ်သူဟာ ဆုံးပါး...)

ဒါတွေဟာ နားယဉ်ပါးလာတော့

ဂူဟာ သတိမမူလဲ မြင်နေရ...


အနိစ္စသဘောတရား ရှူရအောင်လဲ

အာဏာတခါသိမ်း နှစ်( ၅၀)...

အမြဲခြင်းတရားကို ရှုချင်တဲ့အခါ

ရွေးကောက်ပွဲအနိုင်ရ အစိုးရကိုပဲ ရှုကြရပေါ့...


ချစ်တဲ့သူတွေ အဝေးရောက်ပြီး

ပစ်ရမဲ့ သူတွေ ဘေးရောက်လာတဲ့အခါ 

သမုဒယသစ္စာဟာ ငေးမောလို့...


ဒီကာလရဲ့ ရင်နာစက်ဝန်းမှာ

မြန်မာပြည်ဟာ ဘုရားဟောခဲ့တဲ့

ကပ်ကြီးသုံးပါးနဲ့  ရန်သူမျိုး( ၅)ပါးရဲ့

ဇာတိမြေ...။။

လွမ်း

"ဥပါဒါနပစ္စယာ ဘဝေါ" လို့ သိနေလဲ

 လွမ်းတာက လွမ်းတာပါပဲ...

ပဠာစာရီတောင်

ဘုရားရှေ့ လွမ်းခဲ့သေးတာပဲ...

ဘုရားဟာ လွမ်းခြင်းကို 

တားမြစ်တော်မမူ...

ကွာဟချက်

အပြုံးတွေဟာ ရေစိမ်မခံဘူး။

နွေးထွေးမူတွေဟာ

အလင်းရောင်ကို ကြောက်တယ်။


စကားလုံးလှလှတွေဟာ

စည်းဝါးမကိုက်သလို

စကားလုံးကြမ်းတွေဟာလည်း 

သိပ်အတ္တဆန်တယ်။


ပညာတွေ

ကောင်းကင်လိုမြင့်လာသလောက်

သဘောထားတွေဟာ ခပ်သေးသေးနဲ့

မိုးစက်တွေလို အောက်ရောက်ကုန်တယ်။


ဒီလိုနဲ့ပဲ တစ်ရာတန်ပိုင်တဲ့လူအချို့ဟာ

တစ်ထောင်ဖိုးပျော်နေတာကို ငါမြင်ခဲ့တယ်။    ။

ငြိမ်သက်ခြင်းဟာ မုန်တိုင်း

ငါ့...ငါးလေးတွေဟာ မပြောမဆိုနဲ့ 

တကောင်​​ပြီးတကောင် ​ေသသေသွားတယ်...

ခုဆို...

၃ပေ ၁ေပခွဲ ငါးကန်လေးဟာ ငြိမ်သက်လို့ပေါ့..


ငါ့...မိတ်ဆွေအချို့က ရုတ်တရက်

ခရီးဝေးကို ထွက်ခဲ့ရတယ်...

( အချို့တွေ တင်စားတာ​ေတာ့ ကြယ်ကြွေတာတဲ့။)

တရားဟောဘုန်းကြီးဟာ မတရားမူကြောင့်လို့ မဟောရဲတော့ ငါဟာ ရေစက်ခွက်ကို မကိုင်ခဲ့...

သာဓု ခေါ်သံအစား

ရင်ထဲကနေပဲ " အရေးတော်ပုံ အောင်ပါစေ "လို့

၃ခါ ရေရွတ်တော့ ပတ်ဝန်းကျင်ဟာ ငြိမ်သက်လို့ပေါ့...


ငါ့...လုပ်ငန်းစုလေးဟာ တဖြည်းဖြည်းနဲ့

ယိုင်နဲ့လာတယ်...

တက်လို့လုပ်တဲ့အလုပ်ဟာ

ငတ်ဖို့ လမ်းစ ပြုနေတာ လပေါင်းများစွာကြာတော့

ပိတ်လိုက်ရတဲ့သူငယ်ချင်းဆိုင်တွေနား ဖြတ်သွားမိတဲ့အခါ

နှလုံးခုန်သံတွေဟာ ငြိမ်သက်လို့ပေါ့...


ငါ့...ကောင်မလေးဟာ

တော်လှန်ရေးကြောင့် ခနတာအဝေးကို

ရောက်သွားတယ်...

လူဝေးလို့ မဟုတ်ပဲ

စိတ်ချင်းဝေးလာတဲ့အခါ

ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့

အကြောင်းပြချက်လောက်နဲ့ လမ်းခွဲကြတော့

ေပြာစရာ စကားလုံးတွေဟာ ငြိမ်သက်လို့ပေါ့...


ဒီကာလတွေရဲ့ လောကဓံဟာ

ငြိမ်ငြိမ်သက်သက်ပါပဲ...

ရင်ဆိုင်ကြရတဲ့ လူတွေသာ

လူးလူးလွန့်လွန့်....

ထွေလီကာလီ

နှစ်ကာလ အတန်ကြာ

ပျော်ရွှင်မူကို ရှာဖွေခဲ့တဲ့ ဒီငနဲ

နောက်ဆုံးတော့လည်း သူ့အပြုံးတွေအောက်

ဒူး‌ကို ထောက်လို့ပေါ့။


ဆယ်စုနှစ်တခုစာ ပျောက်ဆုံးနေခဲ့တဲ့ 

ကြည်နူးမူတွေ သူနဲ့တွေ့မှ ပြန်ရှင်သန်လာတာတဲ့။

ဟုတ်ချင်လည်း ဟုတ်မှာပါ။

(ဆိုလိုတာကတော့ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့)

ဘယ်နဂါးဟာ နဂါးပတ်ကြော့ကွင်းမှာ ပျော်ခဲ့ဖူးလို့လဲ။


ခင်ဗျားတို့လည်း

ပျော်ရွှင်မူဟာ ကျွဲ‌ေြခရာခွက်ထဲမှာရှိတယ်ဆို

ကခုန်ပေါက် ခုန်ဝင်မိကြမှာပဲ မလား?

(ဒါကတော့ အဘ နဖူး သိုက်ရှိတယ်ဆိုလို့ 

တူးကြည့်တာမျိုးနဲ့ပေါ့ မတူဖူးဘူး‌ေလ။)


သေသေချာချာ တွေးကြည့်မယ်ဆို

အထီးကျန်ခြင်းဟာ အကျဉ်းကျနေတာပဲ။

ဇာတ်ပေါင်းလို့ အပစ်ရှာတဲ့အခါ

အထီးကျန်ခြင်းကိုသာ ကြိုးစင်တင်ကြပေါ့။


သဘာဝတရားဟာ သိပ်ပြီး ကြင်နာတက်တဲ့

ဘုရားရှင်ပဲ။

(အဲ့ဒီထဲတော့ ငါပါချင်မှ ပါမှာပေါ့နော်)

မျက်လုံးဟာ တလုံးထဲ ပါရင် မြင်ရနေသားနဲ့..

နှာခေါင်းဟာ တပေါက်တည်းနဲ့ ရှုလို့ရပါရဲ့သားနဲ့...

နားလဲ ထို့အတူပေါ့လေ။

ဒါတွေ ခင်ဗျားတို့ ‌သိနေလို့ ရှင်းပြမနေတော့ဘူး။

ထပ်ပြီး သိစေချင်တာ တခုက

သူတို့ဟာ အနေနီးြပီး ပုံစံတူပေမယ့်

ပြိုင်တူ ရှင်သန်ခွင့် အလွန်နည်းပါးကြတယ်ဆိုတာပါပဲ။

(လူပိန်း နားလည်အောင် ဥပမာပေး ရှင်းပြရင်

နှ‌ာခေါင်းပေါက် ၂ခုလုံးဟာ ပြိုင်တူ အသက်ရှု မနေကြပါဘူး။ပုံမှန်အားြဖင့် တဖက်ပဲ ရှုပါတယ်။ပြိုင်တူရှုတဲ့ အခိုက်အတန့်ဟာ အတူတူ ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်ပေါ့ ။ကျန်တာတွေလဲ ထို့အတူပါပဲ။

ခင်ဗျားဟာ လူပိန်းဆို ဒါကို ဖတ်ရမယ်။ မပိန်းရင် အစတည်းက ကျော်သွားပေါ့)


ရေးချင်တာကို ရေးလိုက်တာပါ။

တွေးချင်ရာကို ခင်ဗျားတို့ တွေးလိုက်နိုင်တယ်။

(ဒါကတော့ ခင်ဗျားတို့ရဲ့

ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ။)

ကျနော်ကတော့ ငေးချင်ရာကို ငေးပြီး

ဆွေးချင်တာတွေကို ဆွေးမယ်။


ကိုယ်စီကိုယ်ငှ လွတ်လွတ်လပ်လပ် ကြည်နူးနိုင်ကြပါစေသော်...

(တရားဟောနေတာ မဟုတ်လို့ ဒူဝေဝေလို့ မရေးတော့ဘူး ။

အဲ့တော့ ခင်ဗျားတို့လဲ သာဓုခေါ်စရာ မလိုပါဘူး)

ရွေးချယ်ရာ


ကိုယ့်စိတ်ကိုယ် အကျဉ်းချ

ရိုးမယ်ဖွဲ့မိတဲ့ လောကဓံ

ဟော...ဘယ်မလဲ

ခုတော့ အိမ်အပြန်လမ်း

Form

ကိုယ်ဟာ...

အလေ့ကျပေါက်တဲ့အပင်မျိူးမဟုတ်တော့

ခြုံနွယ်တွေရဲ့ အမြင်မှာ

ရိုင်းစိုင်းနေမှာပဲ...

ငါ ဘာလုပ်နေလဲ ဆိုတာထက်

ငါ စားတဲ့ထမင်းမှာ

သူများ မျက်ရည်စက်တွေ မပါဘူး ဆိုတာရယ်...

ငါ ရှင်သန်နေတဲ့ ပတ်ဝန်းကျင်အတွက် 

အဆိပ်ဖြစ်မနေဘူး ဆိုတာရယ်လောက်ပဲ

မင်းတို့ သိထားရင် ရပြီ...

တကယ်‌ဆို ငါက မင်းတို့သိတဲ့ 

ကျေးညီနောင် ပုံပြင်ထဲမှာ မပါခဲ့တဲ့ 

ဘယ်သူ့ဆီမှ မကျပဲ မုန်တိုင်းနဲ့ပျော်နေတဲ့ 

ကျေးတကောင်...

လမ်း

မူးမူးရူးရူး ချစ်ခဲ့တာမဟုတ်ပဲ

ရူးရူးမူးမူး ချစ်ခဲ့တာမို့

နာကျင်နေရတယ် ဆိုရင်

ဒါဟာ...

တွယ်တာတက်သူတွေရဲ့

မြတ်နိုးမိရာလမ်းပဲ။

လမ်းခွဲ

ကိုယ်မျက်နှာလွှဲလိုက်မှ

တောက်ပခွင့်ရမယ့် ဘဝအချို့အတွက်

ကိုယ်ကပဲ မြတ်နိုးခြင်းများစွာနဲ့

ကျောခိုင်းလိုက်ရပါတယ်... သော်တာ 

မင်းလည်း လင်းလက်ပါစေ...

အကြောင်းပြချက်

မုန်တိုင်းဟာ လေညှင်းယောင်ဆောင်ပြီး

ငါ့ဘဝထဲ ဝင်လာဖူးတယ်။

ဒါတွေကြောင့်ပဲ ချစ်ခြင်းတရားကို

ငါ မယုံရဲဘူး ...သော်တာ

တောင်းပန်ခြင်း

ကလေးငယ်‌တွေရဲ့ 


ပြုံးပန်းလေးတွေ ဖြူဖွေးသန့်စင်ဖို့ရာ


လူယုတ်မာတွေရဲ့


မျက်နှာပေါ်က အပြုံးတွေကို


မမြင်‌တွေ့ပါရစေနဲ့လား...ဘုရားသခင်

တာဝန်နှင့်ဝတ္တရား

အရိမေတ္တယျဘုရားဟာ

စစ်ဘေး ဒုက္ခသည်တွေကို မြင်ပြီးမှ

တောထွက်မှာလား။


ဒီမေးခွန်းကို နက်ပြည်ရောက်

သူငယ်ချင်းတွေဆီ E-mailပို့

မေးခိုင်းလိုက်မယ်။


မင်းတို့ လုပ်စရာရှိတာ လုပ်ပါ။


ငါလည်း ငရဲပြည်ကနေ

ဘုရားရှင်ကို ခံဝန်ကတိထိုးခိုင်းမယ်။

Wednesday, January 12, 2022

အချိုးအကွေ့

ကြယ်ကြွေတာမြင်ရင်
ဖြစ်ချင်တာကို ဆုတောင်းဖို့ 
ဘယ်နတ်ဆိုးဟာ ပူးကပ်ခဲ့တာလဲ...

ခုရက်ပိုင်းဟာ  ကြယ်ကြွေတာတွေများတော့
ဆုတောင်းသံတွေဟာ‌ မြိုင်လို့...
ညည်းတွားသံတွေဟာ အခန်းကျဉ်းတွေထဲ ဟိန်းလို့...

ပြိုင်တူရုန်းမှ လွတ်မဲ့ဘေးကို
ခင်ဗျားတို့မို့ မဆိုင်သလို နေရက်တယ်...

ဒီကာလရဲ့ အချိုးအကွေ့တွေဟာ
တိုင်းပြည်ရဲ့ သမိုင်း...
ခင်ဗျားတို့ ကျနော့တို့ရဲ့ သမိုင်းပဲ...

နဘေမရှိတဲ့ ကာရန်


ဘယ်ရေပြင်မှာ
ဘယ်ဦးခေါင်းအတွက် 
ဘယ်ရနံနဲ့ ဘယ်လိုကြာတို့ 
ဘာအဆင်းနဲ့  ဖူးပွင့်စေချင်တာပါလိမ့်...

အတွေးအိမ်ထဲ
ငြိတွယ်နေတဲ့လူငယ်ဘဝ
ဖေးမလို့ ကူလှည့်ပါ...

``ပညာတက်ဆိုတဲ့လူတွေ ဘွဲ့ဆိုတာကြီးတွေရဖို့ 
ပညာမတက်တဲ့လယ်ယာဦးကြီးတွေက
ဘဝရင်းပြီးပေးဆပ်နေကြရတာ´´တဲ့။

အိုစာလှတဲ့ 
စာသားတွေနဲ့
အတွေးအခေါ်တွေ
ကမ်းပြို ။

အယူအဆတွေ
လမ်းမှား...

လက်တွေ့ ဘဝတွေ
လွဲချော်...

``မအောင်မနေရ´´ဆိုပြီး
အတန်းပေးခဲ့ပုံက
တက္ကသိုလ်ဝင်တန်းဆိုတာကြီးမှာ
မကျမနေရ ကျရမယ်ဆိုတာကြီးလား...

ဆရာတွေက
အ;အဆုံးလူ 
ဖြစ်သွားသလို
တပည့်တွေက
အညံ့ဆုံးလူ
ဖြစ်သွားရတယ်။

ခေတ်ခါကြီးမှာ ပွဲစျေးဝင်ဖို့
မျက်နှာပန်းလှအောင် ငှါးရမ်းခဲ့ရတဲ့
လက်ဝတ်လက်စားလို စာသင်သားတစ်သိုက်
စာပေလောကအတွက် မလိုအပ်ဘူး...

ထောက်ပံ့မူ အပြည့်အဝ မရတဲ့
ထောက်ပံ့မူမျိုးနဲ့ ဘွဲ့ဆိုတာကြီးကို
မလိုချင်ဘူး...

လက်တွေ့ဆန်တဲ့လုပ်ဆောင်မူတွေနဲ့
ကြိုးစားနေတဲ့ကလေးတွေရဲ့
ပြုံးပန်းလေးတွေ မြင်ဖူးချင်တယ်...

ဝါသနာမှန်တဲ့ ရွေးချယ်မူမျိုးနဲ့
အောင်မြင်မူတေးသံတွေ နားဆင်စေချင်တယ်...

နေရာတစ်ခုရဲ့ထိုင်ခုံပေါ်မှာ
`ဆရာကောင်းတပည့် ပန်းကောင်းပန်´
လို့ခံယူပြီး အမြဲကိုယ့်ကိုကိုယ် ယုံကြည်မူတွေ ရှိနေစေချင်တယ်လေ...
                                  9.5.2016

ကယ်တင်ခြင်း

ရန်သူဟာ ဘုရားတွေ ထီးတင်လိုက်
တိုက်လေယာဉ်တွေ ဆီဖြည့်လိုက်နဲ့။

ငါတို့ဟာ...
ကိုယ့်လူကိုယ် ခလုတ်တိုက်နေရတာနဲ့ 
ရန်သူကို ဒူးနဲ့တိုက်ချိန်မရဘူး။

ငါတို့ဟာ
အရှိန်ဘယ်လောက်ကောင်းကောင်း
ရန်သူဟာ 
အင်အားဘယ်လောက်ကြီးကြီး 
ဒါတွေဟာအရေးမကြီး‌တော့ဘူး။

သေချာတာ တခုကတော့
ရန်သူဟာ ချောက်ထဲကျဖို့
လက်တလုံးပဲ လိုတော့တယ်။

ခုချိန်မှ...
ဘယ်သူမှ လာပြီးတကယ်တင်စေနဲ့။
ကိုယ်တိုင်လည်း တကယ်တင်မိစေနဲ့။

                                                                (4:18AM)

လွန်ပါစေ

နှစ်ကာလ‌တွေဟာ
ဟောင်းသည်ဖြစ်စေ ၊ သစ်သည်ဖြစ်စေ
ငါတို့တွေဟာ မချစ်သော်လည်း
အောင့်ကာ နမ်းခဲ့ရ...

ဒီကာလလို့ ပြောပြီး
မရှုရှိုက်တော့တဲ့ နှာခေါင်းဝတွေ။

အားတင်းထားပါလို့ပြောပြီး
မခုန်တော့တဲ့ နှလုံးသားတွေ။

ခနလေးပါဆိုပြီး
ပြန်မလာတော့တဲ့ ခြေထောက်တွေ။

အရေးတော်ပုံ အောင်ရမည်ဆိုပြီး
နံရံ‌တွေကျော် သံတိုင်တွေကိုဖြတ်လာခဲ့တဲ့ကြွေးကြော်သံတွေ။

တောထဲတောင်ထဲက
ရဲရဲရင့်ရင့် မောင်းတင်သံတွေ။

ငါတို့‌ဘေးမှာ ငါတို့ရှိတယ်ဆိုပြီး
မိဘမဲ့သွားတဲ့ ကလေးတွေ။

ကျည်ဆန်တွေသာ ‌‌ဈေးကြီးလာခဲ့ရ

ငါတို့မျိုးဆက်ရဲ့ ရင်နာမူတွေကို
ဘယ်သမိုင်းဟာ လျှော်ကြေးလာပေးမှာလဲ။

ဒီချိန်ကာလရဲ့ ဆုတောင်းဟာ သီချင်းစာသားပါပဲ။
"လွန်ပါစေ အလွမ်းညတွေ "

                                       2021/12/31 (10:20)

ရေနည်းငါး

ငါးပွက်ရာကို ဒုံးကျည်ချတော့
ကိုယ့်ထမင်းကိုစားပြီး ဒုက္ခသည်ဖြစ်နေကြရတယ် 
ကမ္ဘာကြီးရေ...

ရေသာများပြီး ငါးရှာမတွေ့တဲ့
ဒီသာသနာ့မြေမှာ ငါးမျှားချိတ်ဟာလည်း
ငါးယောင်ဆောင်လို့...

ငါး‌တွေဟာလည်း 
တီကောင်လိုလို ဖားလိုလိုနဲ့
တွင်းအောင်းနေကြရ...

ဘုရားငါးဆူ ပွင့်တဲ့ ကမ္ဘာမှာ
တံငါသည်လို မေတ္တာရှင်တွေသာ
သူတော်စင်လုပ်နေကြတော့
ကမ္ဘာကြီးဟာ ငါးပါးမှောက်ပေါ့...

ငါးပွက်ရာ အတု၊ ငါးအတုနဲ့ 
အနန္တ ငါးပါး ဦးထိပ်ထားတဲ့
ငါတို့ရဲ့ အဖြစ်ဆိုးတွေ...